Monday, January 30, 2012

copy mfic

မီးဖြင့် ဗတ္တိဇံခံခြင်းလား …မီးဖြင့် အရှို့ခံခြင်းလား” ၁၆. ၁၂. ၂၀၁၀(ကြာသပတေးနေ့)

ရှင်လုကာ ၃း၁၆-၁၇
ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည် သင့်တို့အား ရေ၌ဗတ္တိဇံကို ပေး၏။ ငါ့ထက် တတ်စွမ်းနိုင်သော သူသည် ကြွလာသေး၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် ၌၄င်း၊ မီး၌၄င်း သင်တို့ကို ဗတ္တိဇံပေးမည်။- လက်တော်တွင် စံကောပါလျက် မိမိကောက်နယ် တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကို ကျီ၌ စုသိမ်းသွင်း၍၊ အဖျင်းကိုကား မငြိမ်းနိုင်သော မီးနှင့်ရှို့တော်မူလတံ့ဟု ပြောဆို၏။
ဗတ္တိဇံဆရာ ယောဟန်သည် သခင်ယေရှု၏ အကြောင်းကို သက်သေခံနေခြင်းဖြစ်သည်။ ယေရှုခရစ်တော်သည် အလွန်မြင့်မြတ် သော ပုဂ္ဂိုလ်ဖြစ်ကြောင်းအား “ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်း ငါမထိုက်” ဆိုသော စကားဖြင့် သက်သေခံခဲ့သည်။ သင့် အနားတွင် ရှိသော သခင်၏ မြင့်မြတ်မှုကို သင် ရိပ်မိပါရဲ့လား မိတ်ဆွေ။ ထိုသခင်သည် ဖန်ဆင်းတော်မူသော ဘုရားဖြစ်ပါသော်လည်း သင့်အားချစ်သောကြောင့် သင့်အနားတွင် အတူနေထိုင်ပေးလျက်ရှိပါသည်။ သခင်ခရစ်တော်အား သင်မည်သည့်နေရာတွင် ထားလျက်ရှိပါသနည်း။ မရှိသုံးအဖြစ်ထားပါ သလား။ ပိုက်ဆံမရှိမှ၊ အစွမ်းမရှိမှ…ငါတော့ ဆုပဲတောင်းပေးနိုင်ပါတယ်…ဆိုသည့် သခင်ယေရှုအား နိမ့်ကျသယောင် ထင်မြင်နေမှုအား အထင်အရှား ပေါ်လွင်စေလျက်ရှိသည်။ သခင်ယေရှုသည် ဖန်ဆင်းတော်မူသခင်၊ ဘုရားတကာတို့၏ဘုရား၊ ကျွန်တော်/မတို့အနားတွင် ရှိသော မိတ်ဆွေ ဖြစ်သည်ကို တကြိမ်ထပ်မံ သတိပေးလိုပါသည်။
အထက်ပါ ကျမ်းချက်သည်  မာလခိ အခန်းကြီး ၃ – ၄ နှင့်  စပ်ဆက်လျက်ရှိပါသည်။ (ဖတ်ကြည့်စေချင်ပါသည်။) အထူးသတိ ထားမိသည့် အရာတစ်ခုမှာ “မီး” နှင့် ပတ်သက်သောအရာဖြစ်ပါသည်။ ဗတ္တိဇံဆရာယောဟန်၏ သက်သေခံချက်အရ သခင်ယေရှုသည် လူတို့အား သန့်ရှင်းသောဝိညာဉ်တော်၌၄င်း၊ မီး၌၄င်း ဗတ္တိဇံပေးမည်ဖြစ်သည်။ ရေ၌ဗတ္တိဇံပေးသောအခါ ရေအတွင်း နှစ်လိုက်သည်။ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံပေးသည် ဆိုသောအခါ သန့်ရှင်းသောဝိညာဉ်တော်အတွင် နှစ်လိုက်သည် ဟု မြင်ကြည့်နိုင်ပါသည် (တနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်နှင့် တသားတကိုယ်တည်း ဖြစ်သွားခြင်းပင် ဖြစ်သည်။)
မီး၌ဗတ္တံဇံ ဆိုသောကြောင် မီးအတွင်းနှစ်လိုက်ခြင်းမျိုးဖြစ်သည်။ မီးအတွင် နှစ်လိုက်လျှင် ဘာဖြစ်သွားမည်နည်း။ လောင်ကျွမ်း သွားမည်သာ ဖြစ်သည်။
မာလခိ ၃း၂-၃ တွင် “…ထိုသခင်သည် ငွေစစ်သောသူ၏မီး၊ ခ၀ါသည် သုံးသော ဆပ်ပြာကဲ့သို့ ဖြစ်တော်မူမည်။- ငွေကိုချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ ထိုင်လျက် ရွှေငွေကို ချွတ်သကဲ့သို့၊ လေ၀ိသားတို့ကို ချွတ်၍ သန့်ရှင်းစေတော်မူသဖြင့်…” ဟု ဖေါ်ပြထားပါသည်။
ရွှေသတ္ထုအား သန့်စင်ဖို့ရန် မီးဖြင့် တိုက်ရသည်။ ထိုအခါမှ အခြားရောယှက်နေသော အရာများ လောင်ကျွမ်း ပျောက်ကွယ် သွားမည် ဖြစ်သည်။ ကျွန်တော်တို့၏ ယုံကြည်ခြင်းကို စစ်ဆေးခြင်းမှာလည်း ရွှေကို မီးနှင့် သန့်စင်စေခြင်းနှင့် တူကြောင်း ပေတရုသြ၀ါဒစာ ပထမစောင် ၁း၆-၇ တွင် ဖေါ်ပြထားပါသည်။
သခင်ယေရှုကြွလာတော်မူခြင်းသည် ကျွန်တော်/မတို့အား မီး၌ဗတ္တိဇံပေးဖို့လည်း ဖြစ်ပါသည်။ တနည်းအားဖြင့် ရွှေကို မီးဖြင့် သန့်စင်စေသကဲ့သို့ သူ၏နောက်တော်လိုက်များအား မီးနှင့်ဖုံးလွှမ်းစေဖို့ရန်ဖြစ်ပါသည်။ ကျွန်တော်/မ တို့ ကိုယ်တိုင်တွင် ညစ်ညူးမှုများ ရှိပါသည်။ ထိုညစ်ညူးမှုများအား စုံစမ်းနှောက်ရှက်ခြင်းမီးဖြင့် (၁ပေ ၁း၆-၇) ခရစ်တော်က သန့်စင်ပေးနေပါသည်။ လောင်ကျွမ်းသော အခိုက်အတန့် (စုံစမ်းခြင်းခံရသည့် အခိုက်အတန့်) တွင် ပူလောင်နာကျင်မည် ဖြစ်သော်လည်း ထိုမီးသည် ထာဝရမီးငရဲ မဟုတ်ပါ မိတ်ဆွေ။ ခဏတာ အတွက်သာ ဖြစ်ပါသည်။ ယနေ့ သခင်ယေရှုကြွလာခြင်းကြောင့် ကြုံရသည့် စုံစမ်းနှောက်ယှက်ခြင်းမှာ ခံစားချက်၊ အတွေးအခေါ် ထဲထိ ပူလောင်စေလျက်ရှိပါသည်။ မိမိကိုယ်ကို မိမိ ပညာတတ်ဟု ထင်နေသူများက သခင်ယေရှုအား စစ်မှန်စွာကိုးကွယ်သူများကို အရည်အသွေးမဲ့သူများအဖြစ် လှောင်ပြောင်လျက်ရှိပါသည်။ အချို့သော လူငယ်၊ လူရွယ်များသည် ပညာမဲ့ဟု အထင်ခံရမည် စိုးရိမ်ရုံမျှ နှင့် သခင်ယေရှုကို အားမကိုးချင်တော့။  သခင်ယေရှုကြောင့် ခံရသည့် မည်သို့သော နှိပ်စက်ညှင်းဆဲမှုမျိုးကို ခံယူလိုက်ပါ မိတ်ဆွေ။ ထိုအရာ ထာဝရကာလတွင် မီးဖြင့် လွတ်မည်ဆိုသော အထောက်အထားပင် ဖြစ်ပါသည်။
ပြောရသည်မှာ လွယ်ပါသည်။ လက်တွေ့တွင် ခက်ခဲပါသည်။ ခက်သည်ဆိုသော်လည်း အခြားလမ်း ရွေးချယ်စရာမရှိပါ။ လောကတွင်နေစဉ် သန့်စင်ပေးမည့် မီး၌နှစ်မြှုပ်ခြင်းကို ခံလိုက်ပါ။ သို့မဟုတ် ထာဝရမီးတွင် အရှို့ခံရမည်ဖြစ်သည်။
ခရစ်တော်ပေးသည့် ခွန်အားဖြင့် စုံလင်သော သန့်စင်ခြင်းသို့ရောက်သည်အထိ တည်ကြည်ကြရအောင် မိတ်ဆွေ။ အာမင်။